မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လူထုလှုပ်ရှားမှု(Mass Activity) ဆောင်ရွက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းလှ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လူထုလှုပ်ရှားမှု(Mass Activity) ဆောင်ရွက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၈ နာရီက မင်းလှမြို့ရှိ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးရာသီတွင် ပိုးလောက်လမ်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှုများပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ တာရာဟောင်းများ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများအား အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)