ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကျင်းပ

ပုသိမ် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာမိုက်ခရိုမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက ကိုးသိန်းအားကစားကွင်းမှစတင်ကာ ပုသိမ်-ရန်ကုန်လမ်းမကြီး ပုသိမ်မြို့အဝင်ထိလည်းကောင်း၊ ပုသိမ်မြို့အဝင်မှတဆင့် ကိုးသိန်းအားကစားကွင်းသို့ ပြန်လည်ပန်းဝင်ရောက်ခဲ့ကြသည်။ ယင်းနောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့်တာဝန်ရှိသူများကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသားများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့်ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသားမိုက်ခရို မာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် ဇွဲဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုချီးမြှင့်ငွေများဆက်လက်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်း၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်းမှ ၆၃ မောင်း၊ လက်ရေးစွမ်းရည် ပြသခြင်း၊ သင်တန်းခွဲမှု ဆရာအဆင့် လှံရှည်ပညာစဉ်ပြသခြင်း၊ လက်သိုင်းအတိုက်ပြိုင်ပွဲဝင်များ လေ့ကျင့်မှု ပြသခြင်း၊ တွဲဖက်နည်းပြဆရာအဆင့် လက်သိုင်းပညာစဉ်ပြသခြင်း၊ ၁+၁ အဖွဲ့လိုက် လက်နက်မဲ့နှင့် ဓားမြောင် စွမ်းရည်ပြသခြင်း၊ ၁+၂ အဖွဲ့လိုက် လက်နက်မဲ့ဓားမြောင်၊ ဓားရှည်စွမ်းရည်ပြသခြင်း၊  ၁+၃ အဖွဲ့လိုက် ဓားရှည်လေးလက်ဝိုင်းတွက် စွမ်းရည်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ဝပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ရရှိသည့်အချိန်တွင် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ကြိုးစားလေ့ကျင့်ရန် လိုပါကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်နှင့် မျှော်မှန်းထားသည့်ဆုတံဆိပ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း” တိုက်တွန်းမှာကြားခဲ့ပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ရေဓာတ်အားဖြည့်အချိုရည်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လှမင်းထွဋ်