ကျွန်းလှမြို့နယ်၌ မိုးမြေပဲစံကွက်ရိတ်သိမ်း တစ်ဧက အစိုထွက် ၇၂ တင်းကျော်ထွက်ရှိ

ကျွန်းလှ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးသော မိုးမြေပဲ အထွက်နှုန်းသိရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၄)၊ တောင်သူ ဦးတင်ဌေးဝင်း၏ မကွေး (၁၆) မြေပဲမျိုးစိုက်ခင်း (၃) ဧက၌ စံကွက်ရိတ်သိမ်းကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်းပြီး မြေပဲစိုက်ခင်းအတွင်း ၆ ဒသမ ၆ ပေ ပတ်လည် စံကွက်ရိတ်သိမ်းရာ တစ်ဧက အစိုထွက် ၇၂ တင်းကျော်ထွက်ရှိကြောင်း သိရသည်။

“ကျွန်တော် ဒီနှစ် မိုးရာသီမှာ မျိုးစေ့ထုတ်ကွက်အဖြစ် မကွေး (၁၆) မြေပဲမျိုး ၃ ဧက စိုက်ပျိုးခဲ့ပါတယ်။ စိုက်ပျိုးရာမှာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကင်းစင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ ကွင်းဆင်းအသိပညာပေးပါတယ်။ ဒီနှစ်က အထွက်နှုန်းကောင်းပြီး အခုထွက်ရှိတဲ့ မြေပဲမျိုးကိုလည်း ဒေသခံတောင်သူများကို ပြန်လည်ဖြန့်ဖြူးပေးဖို့ စီစဉ်ထားပါတယ်” ဟု မြေပဲစိုက်တောင်သူ ဦးဌေးတင်ဝင်းက‌ပြောသည်။

ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲကို အဓိကစိုက်ပျိုးကြ‌ကြောင်း၊ ယခုမိုးရာသီ၌ မြေပဲ ၇၂၄၅ ဧက၊ နှမ်း ၁၂ ဧက၊ နေကြာ ၅၁ ဧက စုစုပေါင်း ၇၃၀၈ ဧက (၉၉ ဒသမ ၉၂) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မျိုးဝင်းညို ကျွန်းလှ