နတ်မောက် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက (HIV/ AIDS) ရောဂါအကြောင်းနှင့်ပတ်သက်၍ (HIV/ AIDS) မကူးစက်နိုင်ရေးအတွက် နေထိုင်ရမည့်အချက်များ ရောဂါရှိသူကို နှိမ်ချဆက်ဆံခြင်းမပြုရန်၊ တန်းတူညီမျှဆက်ဆံသွားရန်နှင့် ဆေးကုသမှုခံယူရန် အသိပညာပေးရှင်းလင်းခြင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/မများနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း