ကန်ကြီးထောင့် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီပန်းတိုင် အထွက်နှုန်းကျော်လွန်ရရှိရေးအတွက် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများတက် ရောက်ခဲ့ကြပြီး ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၆ဂ၊ ဦးပိုင်အမှတ် ၉/စ၊ တောင်သူ ဦးဆန်းဦး၏ နယူးဧရာ(၁၁)စပ်မျိုး စိုက်ပျိုးထားသော လယ်ဧရိယာ (၂)ဧကအတွင်း ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာစုပေါင်းကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
လယ်ယာမြေများအတွင်း ပေါင်းလိုက်တမန်းနှိုးခြင်းကြောင့် စိုက်ခင်းအတွင်းရှိ မြေကြီးလေဝင် လေထွက်ကောင်းစေခြင်း၊ သီးနှံအမြန်ကြီးထွားမှုရှိစေခြင်း၊ အပင်အမြစ်ပိုမိုခိုင်မာစေခြင်း၊ စိုက်ခင်းအတွင်း ပေါင်းပေါက်ရောက်မှုနည်းပါးခြင်းနှင့် ဓါတုပေါင်းသတ်ဆေးသုံးစွဲမှုအား လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)