ကျောက်ဆည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၁ ရက် မွန်းလွဲ၂နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ရေကြီးခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး ၎င်းတို့ကို ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)