ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ   ဆုချီးမြှင့်

အမရပူရ သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ် ၁၁ ရက် မွန်းလွဲ ၃ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပသည်။

ဗိုလ်လုပွဲစဉ်တွင် အားကစားပညာအသင်းနှင့် ဥပဒေပညာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာ ဦးဝင်းနိုင်၊  အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး  ဦးမြင့်ခိုင်၊ ရတနာပုံတက္ကသိုလ် ဖူဆယ်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်လင်း၊ အားကစား ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊   ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုအားပေးကြရာ အားကစားပညာအသင်းက ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တတိယဆုရ ဓာတုဗေဒအသင်းနှင့် ဒုတိယဆုရ ဥပဒေပညာအသင်းတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးဝင်းနိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်တို့က  လည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုနှင့်အကောင်းဆုံးဂိုးသမားဆုတို့ကို ဒုတိယပါမာက္ခချုပ်ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်တို့က လည်းကောင်း ဆုများချီးမြှင့်သည်။

ဆက်လက်၍ ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာက  ပထမဆုရ အားကစားပညာအသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)