မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းအသိပညာပေးဟောပြော

မိုင်းယု ဩဂုတ် ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကျောင်းစာအပြင် အခြားပြင်ပဗဟုသုတစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအားချာက စာဖတ်နိုင်သည့်အရွယ်မှစ၍   ကျောင်းသား၊ ကျောင်းသူများကို   စာဖတ်လာကြစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရုပ်ပြပုံပြင်ဖတ်ရှုပြီး ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး စသည့်‌အကြောင်းအ‌ရာများကိုလည်းကောင်း ဟောပြောခဲ့သည်။

ယင်းနောက် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းက လူငယ်များ၏ စွမ်းအားဖြင့် လူ့အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းတို့ကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကို စာပေဖတ်ရှုလေ့လာတတ်စေရန်အတွက် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊  စာစောင်များစသည့် စာအုပ်စာပေများကို ဖြန့်ဝေဖတ်ရှုစေပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များကို ပြသပေးကာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက်များ   လိုက်လံဖွင့်လှစ်ပေးခြင်း၊ နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြုလုပ်ပေးခြင်းတို့ကို     စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်