မကွေး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မကွေးတိုင်းဒေသကြီး လူမှု၀န်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး လူမှု၀န်ထမ်းရုံး ညွန်ကြားရေးမှူး ဒေါ်ခင်သူဇာက ယနေ့အချိန်အခါတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း၌ တွေ့မြင်ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများအပြင် အမျိုးသမီးအရေးကို တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအဖွဲ့အစည်း ကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်လုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ကို အတည်ပြုချမှတ်ခဲ့ပြီး လုပ်ငန်းနယ်ပယ် (၁၂) ရပ် သတ်မှတ်ကာ လုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းအစီအစဉ်များကို နှစ်အလိုက်ရေးဆွဲဆောင်ရွက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ၊ အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများကြောင့် ဖြစ်လာစေသည့် နောက်ဆက်တွဲ ပြဿနာများအားလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များက အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များအကြောင်း၊ အမျိုးသမီးဆိုင်ရာရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များနှင့် အမျိုးသမီးများနှင့် မီဒီယာကဏ္ဍဆောင်ရွက်နေမှု အခြေအနေများအကြောင်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း( ပြန်ဆက် )