မင်းဘူးမြို့၌ လျှပ်စစ်မီတာယူနစ် ပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မင်းဘူး ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လျှပ်စစ်မီတာယူနစ်ပျောက်ဆုံးမှု လျော့နည်းစေရေး၊ ဌာနဝင်ငွေတိုးတက်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အိမ်သုံး၊ လုပ်ငန်းခွင်သုံးမီတာများစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက မင်းဘူးမြို့ပေါ်ရှိ လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များ၌ သုံးဆွဲနေသော လျှပ်စစ်မီတာယူနစ်ပျောက်ဆုံးမှု လျော့နည်းစေရေး၊ ဌာနဝင်ငွေတိုးတက်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စီတီမီတာ၊ ပါဝါမီတာ၊ အိမ်သုံးမီတာများအား တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ ဓာတ်အားသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် လျှပ်စစ်မီးလိုင်းများ စနစ်တကျသွယ်တန်း တပ်ဆင်အသုံးပြုစေရေးတို့အတွက် လျှပ်စစ်နှင့်ဆိုင်သော ပညာပေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်း၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)