ထားဝယ် ဩဂုတ် ၁၂
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ်“စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကို ဩဂုတ် ၁၁ ရက်မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ခရိုင်ပြည်သူကျန်းမာရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ပြိုင်ပွဲတွင် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစောဥမ္မာဝင်းက အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇင်မာစိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကဲဖြတ်အမှတ်ပေးပုံနှင့် ဆုချီးမြှင့်မည့် အစီစဉ်တို့ကိုရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နို့တိုက်မိခင် ၁၅ ဦးအား မိခင်နို့တိုက်ကျွေးမှု၊ နို့တိုက် မိခင်အစာစားသုံးမှု၊ ကလေးအစာကျွေးမှု၊ ကိုယ်ဝန်စောင့်ရှောက် မှုခံယူခြင်း၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုခံယူခြင်း၊တစ်ကိုယ်ရည်သန့်ရှင်းရေးများကို အကဲဖြတ်အမှတ်ပေးကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက စံပြမိခင်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ငွေဇင်ယော်(ထားဝယ်)