မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ၊ ဓာတ်မြေဩဇာများနှင့်မျိုးစေ့များ  ထောက်ပံ့ပေးအပ်

ကျောက်ဆည် ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာ(DrumSeeder)များ၊ ဓာတ်မြေဩဇာများနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိက သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မျိုးစေ့ကုန်ကျစရိတ်နှင့် လုပ်ခကုန်ကျစရိတ်သက်သာခြင်း၊ ကြဲခင်းထက် တစ်ဧကအထွက်နှုန်း ပိုမိုရရှိစေသည့်အကျိုးအမြတ်များ ရရှိခံစားရခြင်းတို့တွင် များစွာပံ့ပိုးမှုအားဖြစ်စေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) အလက် ၁၀၀ ကို တောင်သူများလက်ဝယ်ပေးအပ်ခြင်းဖြစ် ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အခြေခံကျသည့် မျိုး၊ မြေ၊ ရေနှင့် နည်းပညာတို့ကို ခေတ်စနစ်နှင့်အညီ စနစ်တကျလိုက်နာကျင့်သုံးခြင်းကို ပိုမိုလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ အထွက်ကောင်းမျိုးစေ့များဖြန့်ဝေမှု၊ ခေတ်မီစိုက်နည်းစနစ်များဖြန့်ဝေမှု တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ စပါးမျိုးစေ့အိတ် ၁၀၀၊ နေကြာမျိုးစေ့ အိတ် ၁၀၀၊ ဝါမျိုးစေ့ အိတ် ၁၀၀နှင့် ယူရီးယားဓာတ်မြေဩဇာအိတ် ၁၀၀ တို့ကို တောင်သူများထံသို့ ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာ ကွင်းအမှတ်(၁၄၉)၌ GW 11 နှင့် အောင်နိုင်တိုး မျိုးစပါးစိုက်ဧက နှစ်ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲတွင် တောင်သူများနှင့်တွေ့ဆုံပြီးနောက်  စိုက်ကွင်းအတွင်း လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် လက်တွေ့သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)