မြိတ်မြို့တွင် မိုးစပါးစိုက်ခင်းများအား တစ်ဧကအထွက်နှုန်းများတိုးစေရေး  ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများပံ့ပိုးပေးထား

မြိတ်   ဩဂုတ်   ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဝန်ဖို့ကျေးရွာရှိ ပေါ်ဆန်းရင်လယ်ယာနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းများမှ အသင်းသားတောင်သူများ စိုက်ပျိုးခဲ့ကြသည့်မိုးစပါးစိုက်ခင်းများကို တစ်ဧကအထွက်နှုန်းများတိုးစေရန်  ဆောင်ရွက်လျက်ရှိသည်။

မိုးစပါး စိုက်ခင်းများအား  မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုး၊ မြို့နယ် သမဝါယမအသင်းစု ဒု - ဥက္ကဌ ဦးထွန်းမင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တောင်သူများအား တစ်ဧကအထွက်နှုန်းများတိုးစေရန် စပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေးကို ဂရုစိုက်ဆောင်ရွက်ကြရန် တောင်သူများအား ဆွေးနွေး ပြောကြားသည်။

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းခြောက်သင်းမှ အသင်းသားတောင်သူ ၁၅၃ ဦးသည် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး ၁၅၇၄ ဧက စိုက်ပျိုး ထားရှိပြီး တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများကို  မြို့နယ် သမဝါယမဦးစီးဌာနမှ ဇွန်လတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )