ဟင်္သာတ ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာသို့ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူမောင်၊ အင်္ဂရမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် ကမ်းပြိုဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူမောင်က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ဩဂုတ်လ ၉ ရက်နေ့က ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ အုတ်သျှစ်ကုန်းကျေးရွာရှိ ကမ်းပြိုဘေးသင့်ပြည်သူ အိမ်ထောင်စု (၇) စု၊ အိမ်ခြေ (၇)လုံး၊ လူဦးရေ (၃၇) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး၊ စုစုပေါင်းငွေ(၈၈၅၀၀၀) ကျပ်အား ထောက်ပံ့မှုပြုလုပ်ခဲ့ရာ ကမ်းပြိုဘေးသင့် ပြည်သူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)