ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ဒုတိယပတ်) အဖြစ် ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ဟင်္သာတ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ဒုတိယပတ်) ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငါးနှစ်အောက် ကလေးများအား စာရင်းရေးသွင်းခြင်းနှင့် သက်ဆိုင်ရာအလိုက် တာဝန်ရှိသူများမှ လက်မောင်းလုံး ပတ်တိုင်းတာခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ဗီတာမင်အေချို့တဲ့ ရောဂါနှင့် သန်ကောင်ရောဂါအကြောင်း သိကောင်းစရာများကို ပရိုဂျက်တာနှင့်တကွ အကျယ်တဝံ့ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက်ဟင်္သာတမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အလယ်တန်း ကျောင်းတို့တွင် KG ကျောင်းသား ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရ ချက်ပြုတ်ပြင်ဆင်ထားရှိမှုများနှင့် ကလေးငယ်များအား စနစ်တကျ ကျွေးမွေးဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ဆေး ရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ငါးနှစ်အောက် ကလေးများနှင့်မိခင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)