ငပုတောမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမပတ်) အခမ်းအနားကျင်းပ

ငပုတော ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မွေးကင်းစမှအသက် (၅) နှစ်အောက်ကလေးများ အာဟာရပြည့်ဝစေရေး၊ ကျန်းမာသန်စွမ်းစေရေးနှင့် အာဟာရဖွံ့ဖြိုးစေရေးရည်ရွယ်၍ အာဟာရဖွံဖြိုးရေးရက်သတ္တပတ် (ပထမပတ်) လှုပ်ရှားမှုအခမ်းအနားကိုသြဂုတ်လ၁၁ရက်နေ့ကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်း‌ဦးက အဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့်က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်နှင့်မွေးကင်းစမှ အသက်၂ နှစ်အထိ ကလေးများအာဟာရပြည့်ဝစေရေး နေ့စဥ်ပါဝင်ရမည့်အာဟာရဓာတ်များ၊ အစားအစာများအုပ်စုများနှင့်မိခင်နို့အကျိုးကျေးဇူးများ၊ မိခင်နို့တိုက်ကျွေးသည့် အလေ့အထကောင်းများ ဖြစ်ထွန်းလာစေရေး လိုက်နာကျင့်သုံးကြရန်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်မှုများအား အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဌာနဆိုင်ရာများ၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အသက် (၆) လမှ (၁၁) လအထိ ကလေးများ၊ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများသတ်မှတ်နှုန်းထားများကို တိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအာဟာရဖွံ့ဖြိုးစေရေး ခေါက်ဆွဲခေါက်ထုတ်၊ ပဲ ၊ အိုင်အိုဒင်းဆားနှင့် ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)