အိမ်မဲမြို့နယ် အ-မ-က(ကျုံခရီပိုင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

အိမ်မဲ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာ အ-မ-က (ကျုံခရီပိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာပေဖတ်ရှုခြင်းအကျိုး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေးတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ မိုးရာသီတွင် ဖြစ်ပွားတက်သော ရောဂါများအကြောင်းတို့ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန် မသင့်သောအစားအစာများ၊ စားသုံးသူများ၏ အခွင့်အရေးများအကြောင်းတို့ကို အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ အသိပညာပေးနံရံကပ်စာစောင်များကို ပြသခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းမှ ကျောင်းသား/သူများ ဆရာဆရာများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေး၊ လိမ်းဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်

(အိမ်မဲ ပြန်/ဆက်)