မြန်အောင် သြဂုတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၃) စက်မှုလယ်ယာစခန်းမြန်အောင်၌ ယနေ့နံနက်က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးငြိမ်းသောင်းက သင်တန်းဖွင့်လှစ်ပေးခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍သင်တန်းသုံးလေ့လာရေးမှတ်စုစာအုပ်များကို မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများအား တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။ သင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှသင်တန်းသား (၄၂ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက်များကို လယ်ယာလုပ်ငန်းခွင်တွင် စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာမောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စနစ်တကျ ချိန်ညှိတတ်စေရန်နှင့် စပါးအလေအလွင့်နည်းပါးရေးတို့အတွက် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)