မိုးညို ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ အ.ထ.က(တောင်ဇင်း)ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးသော်ထက်အောင်နှင့် ဦးစီးမှူးဒေါ်သန္တာဦးလွင်တို့က မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မိုးကြိုဘေး၊ ဆူနာမီဘေးစသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်က စာဖတ်ခြင်းအလေ့အထဖြစ်စေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုအသိပညာပေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကျော်ကိုကိုက မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများအားရှင်းလင်းပြောကြားသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်သည့် ဆရာ/မများနှင့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)