ငါးသိုင်းချောင်း သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကိုအခြေခံပညာမူလတန်း (ရေတံခွန်) ကျောင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာမူလတန်း (ရေတံခွန်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးအိချိုက အဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေးနှင့်အချိန်ကို စီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ရုပ်သံကျွမ်းကျင်-၃ဦးခင်မောင်မြင့် ကကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးမှု အကြောင်း သတိပြုဆင်ခြင်ရမည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းမင်းလတ်က လူငယ်နှင့် အစားအသောက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ငါးသိုင်းချောင်းမြို့ နယ်မြေမီးသတ်ဦးစီးဌာနမှ မြို့မီးသတ်ဦးစီးမှူးဦးဝင်းနိုင်မှ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် အသက်ကယ်ဝတ်စုံ Lijack ဝတ်ဆင်ပုံ တို့ကိုလက်တွေ့ သရုပ်ပြသခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ် စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)