ဟုမ္မလင်း သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား၊ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ဆေးကျန်းမားရေးမှူး ဦးစိန်ညီညီက ကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစသည့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်မှုတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ၊ G-6 နှင့် G-12 ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်မှုကို ဟုမ္မလင်းမြို့ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေက ကြီးကြပ်၍၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကျန်းမာရေးမှူးနှင့် တာဝန်ကျကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)