ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပန်းတနော် ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများ၏ ဖွင့်ပွဲအခမ်းအနားများ၊ အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ ချီးမြှင့်ပေးအပ်ပွဲ၊ လှူဒါန်းပွဲစသည့် အခမ်းအနားများတွင် အခမ်းအနားမှူးအဖြစ် တာဝန်ပေးအပ်လာပါက အောင်မြင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၅၂) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အဓိကအရည်အချင်းများ၊ M.C ၏ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားမှူးဆောင်ရန် ရှောင်ရန်များ၊ မိုက်အသုံးပြုမှု၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာသုံးစွဲမှု၊ အခမ်းအနားစတင်ရာတွင် ကြိုတင်ပြောထားရမည့်စကားများ စသည့်ခေါင်းစဉ်များဖြင့် စာတွေ့၊ လက်တွေ့ သုံးရက်အကြာဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)