ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကျောင်းကုန်း ဩဂုတ် ၁၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူပြီး၊ စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုခြင်းနှင့်တန်းအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။အားကစားသမားများသစ္စာဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုပြီး၊ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့နောက် အ.ထ.က(၁) ကျောင်းသား/သူများက Fitness  Dance အကဖြင့် ကပြဖျော်ဖြေ ခဲ့ပြီး၊ အ.ထ.က(တံခွန်တိုင်) ကျောင်းသား/သူများက ဘင်ခရာ၊ ပန်းပွားအကဖြင့် ဖျော်ဖြေခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းများမှာ တံခွန်တိုင်၊ ကိုယ်ပိုင်ကျောင်း၊ အ.ထ.က(၁)၊ အ. ထ.က (၂)၊ ဒေါင့်ကြီး၊ ချောင်ကြီး၊ လှည်းဆိပ်နှင့် အစုကြီး/ပေါက်ဆိန်ပဲ့တို့အသင်း (၈) သင်းကို အုပ်စု (၂)စုခွဲကာ ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်