ကြံခင်း သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပပြုခဲ့သည်။
ရှေးဦးစွာ ကြံခင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှိုင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဌေးဝင်း၊ ဦးထွန်းထွန်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်နှင့် ဌာနဆိုင်ရာများက အသီးသီးမိတ်ဆက်စကားပြောကြားကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်က ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM မဲပေးစက်ဖြင့် မဲပေးရာတွင် ကျေးရွာနေပြည်သူများ လွယ်ကူစွာအသုံးပြုတတ်စေရန် အသုံးပြုပုံများကို ကျေးရွာအခြေပြုဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ် (၄) ဦး မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၀) ဦး စုစုပေါင်း (၁၄) ဦးပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ဖြိုးဝေလင်း
ကြံခင်း (ပြန်/ဆက်)