ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန် ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဩဂုတ် ၉ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ တောင်သူဦးအောင်လွင်၏ လယ်မြေ ဧက(၁၁.၇၁)တွင် သဘာဝမြေဩဇာနှင့် ပုလဲမြေဩဇာရောစပ်ကြဲပတ်နေမှု၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်ဖြင့် ရေတင်ဆောင်ရွက်နေမှု၊ ပြသထားသည့် ငါးအမိုင်နိုအက်စစ် သဘာဝရွက်ဖြန်းမြေဩဇာအရည်နှင့် EM ဘိုကာချီမြေဆွေးများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ နှုတ်ဆက်စကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု၊ တောင်သူဦးကျော်ဝင်းအောင်၏ လယ်မြေ ဧက(၂၀)တွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစုပေါင်းကြဲပက်နေမှုအား ကြည့်ရှုအားပေးပြီး ပိုက်ဆံလျှော်စိုက်ပျိုးထုတ်လုပ်ရန် မျိုးစေ့များအား တောင်သူများထံပေးအပ်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အောင်နိုင်တိုးစပါးမျိုးသစ်၊ နွေမိုးစိုက်ပျိုးနိုင်သော ရေဆင်းပေါ်ဆန်း(၁)၊ ပေါ်ဆန်း(၂)၊ ပေါ်ဆန်းရင်နှင့် မျိုးဟောင်းဖြစ်သည့် ရေကြည်ပေါ်ဆန်း၊ ဖျာပုံဘေးကြားမျိုးတို့အား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တိုက်ကြီးမြို့နယ်၊ လှိုင်ကျေးရွာအုပ်စု၊ ရန်လုံးနိုင်ကျေးရွာရှိ ဦးမျိုးနိုင်၏ ဘဲမွေးမြူရေးခြံတွင် ကာကီကင်း အမျိုးအစားစီးပွားဖြစ် ဥစားဘဲ၊ ဘဲကြီးအကောင်(၅၀၀၀)နှင့် ဘဲအသေးအကောင်(၆၀၀၀) မွေးမြူထားရှိမှုနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်း Supreme Development Co,ltd မှ မွေးမြူရေးခြံတွင် ကာကီကင်းအမျိုးအစား ဥစားဘဲကောင်ရေ(၁၅၀၀၀) မွေးမြူထားရှိမှု၊ တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ်ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်နေမှု၊ ရေသိုလှောင်ထားရှိမှု၊ ရေသိုလှောင်နိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေ၊ မွေးမြူရေးဇုန်သို့ ရေပေးဝေမှု၊ တမံပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှု၊ ရေလှောင်တမံဧရိယာနှင့် ဆက်စပ်သောနေရာတွင် ငါးမွေးကန်နှင့် ဘဲခြံများ ဆောက်လုပ်နေသည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်မြေ(၁၀)ဧကတွင် မိုးစပါးပေါင်းရှင်းသမန်းနှိုးခြင်းနှင့် စုပေါင်းဓာတ်မြေဩဇာကြဲပတ်နေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)