ဓနုဖြူ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အကျော်ကျေးရွာ၊ အကျော်ချောင်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မြို့နယ်အတွင်းအားကစားသမားများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေး အစရှိတဲ့ရည်ရွယ်ချက်များအပြင် မြို့နယ်ကိုယ်စားပြု ထူးချွန်ထက်မြက်တဲ့ လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက်ပြိုင်ပွဲအားဆက်လက်ကျင်းပရာ လမန်းကျေးရွာအုပ်စုအသင်းနှင့် အကျော်ကျေးရွာအသင်းတို့က အမျိုးသား၊ အမျိုးသမီး (၅)တတ်၊ (၃) တတ် ပြိုင်ပွဲဝင်ပုံစံများဖြင့်သရုပ်ပြသခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါမြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား သြဂုတ်လ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ တိုက်နယ်ပေါင်းစုံမှ ကစားသမားအသင်း (၁၄) သင်းမှ ယှဥ်ပြိုင်လှော်ခတ်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)