ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဩဂုတ်(၉)ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ ကမ္ဘာဇသာဒီနန်းတော်ဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး မိုးရာသီဖြစ်၍ နန်းတော်ရာဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေထွက်ပေါက်များ ပြန်လည်စစ်ဆေးဖော်ထုတ်ဆောင်ရွက်ရန်၊ နန်းတော်အတွင်း ပတ်လမ်းတစ်လျှောက် ပန်းအလှပင်များနှင့် အရိပ်ရပင်များအား ပြန်လည်အဆင့်မြှင့်တင်သွားရန်၊ အရိပ်ရသစ်ပင်များအောက်တွင် အပန်းဖြေအနားယူနိုင်ရန် ထိုင်ခုံများတပ်ဆင်ထားရှိရန်၊ ဒေသထွက် MSMEs အစားအစာများ၊ လူသုံးကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ စနစ်တကျနေရာထားချပေးရန်၊ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အများနှင့်သက်ဆိုင်သည့်ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်း လမ်းဘေး(ဝဲ/ယာ)၊ ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ရှေးဟောင်သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားရောက်၍ ဘက်စုံပြုပြင်မွမ်းမံနေမှု၊ နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုလျော့နည်းစေရေးနှင့် ဘုရားဖူးလာပြည်သူများ အမိုးအကာဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး အမိုးတန်ဆောင်းများအား အများကောင်းမှုဖြင့် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သပြေကုန်းဘိုးဘွားရိပ်သာသို့သွားရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် အဖိုးအိပ်ဆောင်နှင့် ဆေးပေးခန်း ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး အစောင့်ရှောက်ခံအဘိုးအဖွားများအား သွားရောက်ဂါရဝပြု နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)