မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ သက်တော် (၇၈) နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ သက်တော် (၇၈) နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဆရာတော်ကြီးတည်းထားတော်မူသော မဟာကျိန်သစ္စာရှင်ဘုရားကြီး၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဦးစွာ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာထေရ်မြတ်ကြီးအား အခမ်းအနားကျင်းပပြုလုပ်ရာသို့ ရခိုင်မင်္ဂလာစည်တော်တီး၍ တာ၀န်ရှိသူများက ပင့်ဆောင်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် အမှူးပြုသည့် ပင့်သံဃာတော်အရှင်သူမြတ်များ၊ ဂေါပကအဖွဲ့၊ တပည့်တကာ၊ တကာမများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဥပသကာ ဦးထွန်း၀င်းက လေး၀တီမင်္ဂလာစည်တော်ဖြင့် အဖွင့်ဝိသိဌမင်္ဂလာရတုပုဒ်စုံဖြင့် ပူဇော်ခဲ့သည်။ ထို့နောက် ကမ္ဘာ့သာသနာပြုဆရာတော်မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်၏ ထေရုပတ္တိအကျဉ်းအား တာ၀န်ရှိသူ သံဃာတော်တစ်ပါးက ရွတ်ဖတ်ပူဇော်ကာ ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ သက်တော် (၇၈) နှစ်ပြည့်အတွက် မွေးနေ့ကိတ်အလှူရှင်မိသားစုက ဆက်ကပ်လှူဒါန်းခဲ့ရာ တေးသံရှင်များက မွေးနေ့ပူဇာသီချင်းဖြင့် သီဆိုပူဇော်ခဲ့သည်။ ယင်းနောက် ဧည့်ပရိတ်သတ်များက ဆရာတော်အရှင်သူမြတ်အား သင်္ကန်း၊ နဝကမ္မနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆက်ကပ်လှူဒါန်းကြသော မွေးနေ့ပဒေသာပင်များအား ၇ ရက်သားသမီးများကိုယ်စား တာ၀န်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုး၊ အ၀တ်မိုး ရွာသွန်းဖြိုးကာ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား မွေးနေ့အထိမ်းအမှတ်အဖြစ် သီးစုံဒံပေါက်ဆွမ်းအား လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)