ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေးဒရဲမြို့နယ်၌ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်းစပါး (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား  ကြည့်ရှုအားပေး

ဒေးဒရဲ သြဂုတ် ၁၀

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်း (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား ယနေ့နေ့လယ် (၁၂) နာရီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကြည့်ရှု့စစ်ဆေးခဲ့ပြီး စျေးကွက်ဝယ်လိုအားရှိပြီး ဆန်အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဒေသမျိုးရင်းဖြစ်သည့် ပေါ်ဆန်းစပါးမျိုးစေ့ထုတ်ဧကများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်၍ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် ပန်းတိုင်အထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများကို တောင်သူများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးရာသီ အထွက်နှုန်းအမြင့်မားဆုံးရရှိနိုင်မည့် အောင်နိုင်တိုး မျိုးစပါးစံပြကွက်စိုက်ပျိုးထားရှိသည့်  ချောင်းဖျားကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၄၈)၊ ဦးပိုင်အမှတ် (၁၅/)ရှိ တောင်သူဦးကျော်မင်း၏ မိုးစပါးစိုက်ပျိုးလယ်မြေတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး  တက်ရောက်လေ့လာကြသည့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စိုက်ပျိုးရေးအထူးပြု ကျောင်းသား၊ ကျောင်းသူများနှင့် စိုက်ကွင်းတာဝန်ခံများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေဇာလင်း