ဟင်္သာတ ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကြာဂရက်ကျေးရွာ အထက်တန်းကျောင်း (ခွဲ) ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲတွင် ကြာဂရက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နန်းက ဟောပြောပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးနောက် စာရေးဆရာမ ဒေါ်နန်းရွှေရည်က "နှလုံးသားဖွံ့ဖြိုးဖို့ ရသစာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက "အသိပညာဖွံ့ဖြိုးဖို့ စာအုပ်၊ စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးအေးမာက "စာကြည့်တိုက်နှင့်စာဖတ်ခြင်းအနုပညာ" ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မွန်မြတ်သူက မူလတန်းကျောင်းသား/သူများကို ပုံပြင်များပြောပြခြင်းနှင့် ဂိမ်းကစားခြင်းများနှင့် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များဖြစ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်ဗီနိုင်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်ဗီနိုင်းများအား ရှင်းလင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)