လှည်းကူးမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းပြုလုပ်

လှည်းကူး သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦးက ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း(၂၁၇)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၂၁၇)ဦးတို့အား ကျန်းမာရေးဆိုင်ရာ အသိပညာများတိုးပွားစေရေးတို့ကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်က တစ်ကိုယ်ရေသန့်ရှင်းစေမည့် အကြောင်းအရာများ၊ ကျန်းမာရေးနှင့်ညီညွတ်စေမည့် အစာအာဟာရအုပ်စုများ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ကူးစက်ရောဂါ၏ အကျိုးအပြစ်များကို နံရံကပ်ဘုတ်များ၊ လက်တွေ့ပြသမှူများဖြင့် ပြသခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့