ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်တလုံးကြီး ဩဂုတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စကားပြောစွမ်းရည်များ ကောင်းမွန်လာစေရန်၊ စာပေဖတ်ရှု၍ လက်တွေ့ဘဝအောင်မြင်ရေးအတွက် အသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းတွင် ညှိနှိုင်းဆွေးနွေးသူအဖြစ်ဆောင်ရွက်ရာ အ.ထ.က ကျောက်တလုံးကြီး Grate -8 မှ မနန်းဖြူစင်ဖွေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေဇင်မင်းထက်က လူငယ်နှင့်ပညာ‌ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းထက်လင်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခမ်းကြည်ခမ်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ခွန်မျိုးအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ‌ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း