(၄၁) ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်ပေါင်းစုံ ဝါတော် (၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနား ကျင်းပ

မုဒုံ ဩဂုတ် ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်ပေါင်းစုံ ဝါတော် (၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးကျတောရကျောင်းဆရာတော် ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ ပြည်နယ် (YMBA)အသင်းနာယက ဦးဝင်းနိုင်ဦး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလတော်မြတ်ခံယူသည်။ ထို့နောက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ဓမ္မဒူတကျောင်းဆရာတော်ကြီးမှ  အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)