ပုသိမ် ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်အတွင်းရှိ ဆန်စက်၊ ကြာဇံစက်နှင့် မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ညောင်စောက်ကျေးရွာရှိ Green Indo Myanmar တန် ၃၀၀ ဆန်စက်ရုံတည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ စပါးသိုလှောင်ကန်၊ စပါးအခြောက်ခံစက်၊ Silo စပါးသိုလှောင်ရုံ foundation ဆောင်ရွက်နေမှု၊ စပါးကုန်ကြမ်းသိုလှောင်ရုံ၊ ဆန်ဖြူကုန်ချောသိုလှောင်ရုံ ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက ဆန်စက်နှင့်ပတ်သက်သည့် Paddy Cleaner ၊ Paddy Destoner ၊ Paddy Husker ၊ Thickness Grader ၊ Rice Whitener၊ Rice Polisher ၊ Rotary Sifter ၊ Length Grader ၊ Color Sorter ၊Weigher ၊ Belt Conveyor ၊ Buckets Elevator စက်များတပ်ဆင်နေမှု၊ ဆန်ဖြူတန် ၃၀၀ အား Export Quality ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်မည့်အစီအမံများ၊ ကြာဇံစက်ရုံဆက်လက်တည်ဆောက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်ပစ္စည်းများတပ်ဆင်ပြီးစီးစေရေး၊ သတ်မှတ်ကာလအတွင်း စမ်းသပ်လည်ပတ်နိုင်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်စေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာ၊ King's Food Global Ltd.
သို့သွားရောက်၍ ကြာဇံထုတ်လုပ်နေမှုအဆင့်ဆင့်များကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆန်ဖွတ်၍ရေစိမ်ခြင်း၊ ကြိတ်ဆုံထဲတွင် မုန့်နှစ်ရေရသည်အထိကြိတ်ခြင်း၊ မုန့်နှစ်ရေမြောအားညှစ်စင်သို့ပို့၍ မုန့်အခဲများရသည်အထိ အရေညှစ်ခြင်း၊ မုန့်အခဲများအားပေါင်းအိုးထဲသို့ထည့်၍ပေါင်းခြင်း၊ ပေါင်းအိုးမှရသောမုန့်ဖတ်များအား ဇကာစက်ထဲသို့ထည့်၍ ကြာဇံများအဖြစ်သို့ရောက်အောင်ဖိခြင်း၊ ဇကာစက်မှရသောကြာဇံများအား လှီးဖြတ်၍လှည်းပေါ်သို့တင်ခြင်း၊ ကြာဇံလှည်းများအား အအေးခန်းတွင်အအေးခံခြင်း၊ အအေးခံထားသောကြာဇံများအား ကြိတ်စက်သို့ပို့၍ ကြိတ်ခြင်း၊ ကြိတ်စက်မှရေသာကြာဇံများအား ပေါင်းခန်းထဲသို့ပေါင်းခြင်း၊ ပေါင်းခန်းထဲမှရသောကြာဇံများအား လျှောက်လမ်းပေါ်တွင်အအေးခံခြင်း၊ လျှောက်လမ်းပေါ်မှရသောကြာဇံများအား ရေဆေးပေးခြင်း၊ ရေဆေးထားသောကြာဇံများအား ပုံစံခွက်ထဲသို့ထည့်၍ ခေါက်ခြင်း၊ ခေါက်၍ရသောကြာဇံများအား အခြောက်ခံလျှောက်လမ်းတွင် ပထမအဆင့်အခြောက်ခံခြင်း၊ ပထမအဆင့်အခြောက်ခံထားသော ကြာဇံများအားနောက်ဆုံးအဆင့်အခြောက်ခံခြင်း၊ အခြာက်ခန်းမှထွက်လာသောကြာဇံများအား အစို၊ အခြောက်စစ်ဆေး၍ လှည်းပေါ်စီတင်ခြင်း၊ ကြဇံများအားပါကင်ထုတ်ပိုးခြင်းများကို ရှင်းလင်းတင်ပြသည်။ King's Food Global Ltd.အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဆန်/ဇကွဲများအား ဝယ်ယူသုံးစွဲလျက်ရှိပြီး ဆန်/ဇကွဲအမျိုးအစားများမှာ ထွန်းပု၊ ကရင်မ၊ ငစိန်ဆန်တို့ကို အသုံးပြုပြီး တစ်နေ့သုံးစွဲသည့် ကုန်ကြမ်းတန်ချိန်(၁၄.၇)တန်၊ တစ်နေ့ကုန်ချော ထုတ်လုပ်မှု တန်ချိန်(၁၃)တန်နှင့် တစ်လထုတ်လုပ်သည့်ကုန်ကြမ်းတန်ချိန်-(၃၈၂.၂)တန်၊ တစ်လထုတ်လုပ်သည့် ကုန်ချော တန်ချိန် (၃၃၈)တန်ဖြစ်ကြောင်းသိရပြီး တင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊ အမေရိကန်၊ စပိန်၊ ဟောင်ကောင်၊ အီတလီတို့ကို တင်ပို့လျက်ရှိသည်။
ဆက်လက်၍ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာရှိ ဦးဝင်းနိုင်၏ ဥစားကြက်မွေးမြူရေးခြံ (၃၀)ခြံတွင် ဥစားကြက်ကောင်ရေ (၁၅၀၀၀၀)မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ဒေသတွင်းရရှိသည့် အစာကုန်ကြမ်းအများစုအသုံးပြု၍ ကြက်စာထုတ်လုပ်သုံးစွဲမှု၊ အခြားလိုအပ်သည့်အစာကုန်ကြမ်းများ တိုင်းဒေသကြီးပြင်ပမှ ဝယ်ယူရရှိမှုနှင့်ထုတ်လုပ်နိုင်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကြက်ခြံများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ဥစားကြက်မွေးမြူမှု၊ တစ်ရက်လျှင်ကြက်ဥ တစ်သိန်းကျော်ထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီးအတွင်းနှင့်ရန်ကုန်တိုင်းဒေသကြီးသို့ကြက်ဥ တင်ပို့ရောင်းချမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ဥစားကြက်မွေးမြူရေးအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူထုတ်လုပ်မှုစာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချာပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စမ်းသပ်မွေးမြူထားသည့် ငါးမွေးကန်များ၊ ရေသွင်းရေထုတ်စနစ်များဆောင်ရွက်ထားရှိမှုများ၊ Carbon based NPK compound fertilizer ထုတ်လုပ်ခြင်းများဆောင်ရွက်မည့် မြေနေရာများစတင်ပြုပြင်ဆောင်ရွက်နေမှုများ၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့်အေးခဲခြင်းစက်ရုံ ပြီးစီးဆောင်ရွက်မှုအနေအထားများ၊ အဆင့်မြင့်သံကန်များတွင် ငါးများစမ်းသပ်မွေးမြူထားသည့် အခြေအနေများကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြသမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)