တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံဝန်းအတွင်း ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှဆရာ၊ ဆရာမများ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေးနှင့် အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များ စနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ယင်းနောက် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံသာယာလှပရေး ဆောင်ရွက်ထားရှိမှုများ၊ ဘဲစားမြက်များ စိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် မြေလွတ်နေရာတွင် ပန်းခြံဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ခြုံနွယ်များ မရှိစေရေးအတွက် ရှင်းလင်းဆောင်ရွက်ရေး၊ မြက်ခင်းများ စိုက်ပျိုးရန်နှင့် ရာသီအလိုက်ဖူးပွင့်ဝေဆာသည့် သစ်ပင်ပန်းမာန်များကို စိုက်ပျိုးရေး၊ ကန်ပတ်လမ်းတစ်လျောက် အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်ခွဲခြားခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အလုပ်ရုံအားသွားရောက်၍ စွန့်ပစ်ပလတ်စတစ်အိတ်အပျော့များအား ပလတ်စတစ်ခုတ်စက်ဖြင့်ခုတ်၍ ကွန်ကရစ်လမ်းခင်းတုံးများ ထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုထုတ်လုပ်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် အကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ အမှိုက်လေးမျိုးခွဲခြားစွန့်ပစ်မှုအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် လိုက်ပါဆောင်ရွက်စေရေးဆောင်ရွက်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် ကွန်ကရစ်လမ်းခင်းတုံးများ စနစ်တကျထုတ်လုပ်ဆောင်ရွက်ရေးကို မှာကြားခဲ့သည်။ ယင်းနောက် ရွှေဝါထွန်းလမ်း၊ အမှတ်(၁၇၇)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျေားသား၊ ကျောင်းသူများက ကျောင်းပတ်ဝန်းကျင်သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များ စနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ အလားတူ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)