စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီး ဝန်းအတွင်းရှိ ဥပုသ်ချောင်းဝဲ/ယာအတွင်းရှိ ရေစီးရေလာကောင်းစေရန်အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ၊ ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆေးရုံဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦး ကျော်ဖြင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ခေတ္တဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီး၊ ခေတ္တဆေးရုံအုပ်ကြီးက ပြည်သူများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆရာဝန်ကြီးများနှင့် သူနာပြုများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးကာ ခေတ္တဆေးရုံအုပ်ကြီးထံ ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ ခွဲစိတ်ခန်း၊ ဓါတ်ခွဲခန်းနှင့် သွေးလှူဘဏ်တို့အတွက် တပ်ဆင်ပြီးစီးခဲ့သည့် ဆိုလာခန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးခဲ့သည့် ရေကန်တို့ အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ကလေးမြို့အား ခေတ်နှင့်အညီ သာယာလှပပြီး သန့်ရှင်းသပ်ရပ်သည့် မြို့တစ်မြို့ဖြစ်လာစေရေးအတွက် ဌာနများအချင်းချင်း ပူးပေါင်းကာ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း နေ့စဉ်အသုံးပြုနေသည့် မီးဖိုချောင်သုံးအမှိုက်များနှင့် ပလပ်စတစ်အမှိုက်များအား စနစ်တကျစွန့်ပစ်သွားရေးတို့အား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ကလေးခရိုင်လမ်းဦးစီးဌာနမှ ခေတ္တဦးစီးမှူးက ကလေးခရိုင်အတွင်းလမ်းများအား ဘဏ္ဍာနှစ်အလိုက် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကလေးမြို့၊ ဥပုသ်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့ရှိ တာဟန်းဈေးနှင့် မြို့မဈေးများသို့သွားရောက်၍ ဈေးဆိုင်ခန်းများ စနစ်တကျရောင်းချရေး၊ ဈေးများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးရောင်းဈေးဝယ်လာရောက်ကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)