မြန်အောင်ခရိုင် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနား ကျင်းပ

မြန်အောင် သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ရေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မကျီးစုရေကာတာရှေ့ ဧရာဝတီမြစ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား သတင်းပို့ခြင်းဆောင်ရွက်၍ ရေဘေးတုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်သရုပ်ပြခြင်းတို့အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကဆောင်ရွက်ကြရာ ဧရာဝတီမြစ်အတွင်း စက်လှေမှောက်မှုဖြစ်စဥ်တွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုသရုပ်ပြခြင်း၊ ဦးခေါင်းနှင့်ခြေထောက်ဒဏ်ရာရရှိပြီး ရေနစ်နေသူအား ရှာဖွေကယ်ဆယ်ခြင်း သရုပ်ပြခြင်းနှင့် ရေသန့်ဘူးအား အသုံးပြုပြီး ရေဘေးအန္တရာယ်ကာကွယ်မှု သရုပ်ပြသခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညှန်ကြားရေးမှူး ဦးဟိန်းသူဟန်နှင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာတို့မှ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ် (မြန်အောင်)