ငဖဲ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဆုံကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဆုံကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဇော်ဝင်းက အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ဗလငါးတန် အကြောင်းသိကောင်းစရာများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ငဖဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက လူငယ်နှင့်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သိကောင်း စရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းနှင့် အားကစားမှူးဒေါ်နန်းသီတာထွေးတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-7 မှ မနှင်းနေခြည်ဖြိုးက လူငယ်နှင့်စာရိတ္တ၊ Grade- 6 မှ မောင်မြတ်မင်းသူက လူငယ်နှင့်အားကစား၊ Grade- 8 မှ မောင်ထိန်လင်းသူ က လူငယ်နှင့် ဆေးလိပ်အန္တရာယ်၊ Grade- 9 မှ မခြူးသီရိခိုင်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက Physical Fitness Dance ဖြင့် သရုပ်ပြသဖျော်ဖြေ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)