ညောင်ဦးမြို့နယ်၌ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့၏ နန်းတော်ရာနေရာများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ညောင်ဦး ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် အောင်မြေကုန်းနန်းတော် ရာတူးဖော်ပြသထားသည့်နေရာများအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   

ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ  ညွှန်ကြားရေးမှူး ဦးညီမွန်း၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ အနော်ရထာမင်းတရားကြီးနှင့် ကျန်စစ်သားမင်းကြီးတို့၏ နန်းတော်ရာ တူးဖော်မှုအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ  သုတေသနပြု ထိန်းသိမ်းထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ သုတေသနပြုတွေ့ရှိချက်များ၏ အဆောက်အအုံအစိတ်အပိုင်းများ၊ မြေထည်အသုံးအဆောင်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်သမိုင်း အကြောင်းအရာများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့သည် ပုဂံခေတ်မူဟန်အတိုင်း ပြည်လည်ဖော်ထုတ်တည်ဆောက်သော ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သည့် မဟာရာဇသီရိအနိရုဒ္ဓဒေဝ အနော်ရထာမင်းကြီး၏သိရီဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီးအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ယိုယွင်းပျက်စီးလျက်ရှိသည့် အစိတ်အပိုင်းများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာလှပစေရေး ဦးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း