ပုသိမ် ဩဂုတ် ၉
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများ လက်ဝယ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစု အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက (၃၇)သိန်း (၅)သောင်းကျော်ရှိပြီး ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းကျော်ပါဝင်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ရာတွင် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရန်လိုအပ်ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများစသည့် supply chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်တွင် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်သည့်အတိုင်း စနစ်တကျ ဆောင်ရွက်ရန်လိုပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် Drum Seeder များထုတ်လုပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှု ကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းစနစ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်း ရောက်ရှိရေးအတွက် ရည်မှန်းချက်ပေးထားသကဲ့သို့ တောင်သူအားလုံး မျိုးစေ့ချကိရိယာ (Drum Seeder) များ ပိုင်ဆိုင်နိုင်ရေး နည်းလမ်းများရှာဖွေကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း” တက်ရောက်အမှာစကားပြောကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)