ကျောက်ဆည် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ငါးနှစ်အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို အခြေခံပညာကျောင်းများ၌ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ပူးပေါင်းပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈)၊ အမှတ်(၉)၊ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဒေါ်ကြည်ကြည်ဆွေနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပြီး သွားခံတွင်းသန့်ရှင်းရေးများ စစ်ဆေးခြင်း၊ သံချဆေးနှင့် သံဓာတ်အားဆေးများတိုက်ကျွေးခြင်း၊ ကျောင်းမုန့်ဈေးဆိုင်များအား စစ်ဆေးခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများအပြင် ရပ်ကွက်/ကျေးရွာ၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး၊ ငါးနှစ်အောက်ကလေးငယ်များ အဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်များအား အဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်