ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေး အလံပေးအပ်

ပုသိမ် ဩဂုတ် ၉

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်  ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်းမှ  အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကာ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းအသင်းအား မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲများပြုလုပ်၍ လူရွေးချယ်ပြီး ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် အချိန်ယူစခန်းသွင်းလေ့ကျင့်ထားသည့် အသင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ရန်နှင့် ပြိုင်ပွဲဝင်အတွေ့အကြုံများရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအနေဖြင့် အားကစားနည်းများအလိုက် မျှော်မှန်းထားသည့် ရလာဒ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ရရှိသည့်အချိန်တွင် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ကြိုးစားလေ့ကျင့် ရန်လိုပါကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်နှင့် မျှော်မှန်းထားသည့်ဆုတံဆိပ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)