ချောင်းဆုံ ဩဂုတ် ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ရောစပ်အသုံးပြုနိုင်ရေးအတွက် ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီက တောင်စွန်ကျေးရွာ ကွင်းအမှတ် ၆၅၉(A)ရှိ တောင်သူဦးမောင်ဝင်း၏ မိုးစပါးစိုက်ကွက်၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်သက်ဆိုင်ရာဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ၂၀၂၅ ခုနှစ် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေအား ရှင်းလင်းတင်ပြကာ မွန်ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းအမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ Rs-Cs မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား သွင်းအားစုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏တင်ပြချက်များအပေါ် ညှိနှိုင်းကာ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိန်ကိုက်အချိုးကျရောစပ်ကာ မိုးစပါးစိုက်ဧကများအတွင်း စနစ်တကျ ကြဲပက်အသုံးပြုနေမှုများအား ကွင်းသရုပ်ပြခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သွင်းအားစုများကို တောင်သူ (၁၄)ဦး၏ မျိုးစေ့ထုတ် စိုက်ဧက (၅၀)အတွက် ရွှေဇီဝသဘာဝမြေဩဇာ(၁၂)အိတ်နှင့် MEP ဓာတ်မြေဩဇာ (၅၀)အိတ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ဧက (၆၅၃၀၉) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ (၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)