ပွင့်ဖြူ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ AVIP သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်နှင့် ကျေးရွာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာ၌ အခက်အခဲမဖြစ်စေရန် သင်တန်းမှ ပို့ချမည့်ဘာသာရပ်များကို ဂရုတစ်စိုက် လေ့လာသင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်က စီမံကိန်းတွင်ပါဝင်သည့် AVIP ပုံစံများနှင့် စာရင်းဇယားဖြည့်သွင်းနည်းစနစ်များကိုလည်းကောင်း ၊ (အငယ်တန်းအင်ဂျင်နီယာ-၂) ဦးထွန်းလင်းအောင်က စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်အကြောင်းအရာများကိုလည်းကောင်း စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် သိမ်ကုန်းကျေးရွာမှ စီမံကိန်းကော်မတီဝင် (၉) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)