ပြည်မြို့ အ.ထ.က(အောင်ဆန်း)ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပြည် ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်မြို့ (အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးစွာ အဆိုပါကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူ ၁၃၀ ခန့်အား ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်နှစ်ခုကို ဖွင့်လှစ်ပြသပြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ဆိုရှယ်မီဒီယာများမှတစ်ဆင့် နည်းလမ်းအမျိုးမျိုးဖြင့် အွန်လိုင်းဆက်သွယ်ရေး လိမ်လည်မှုများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးဆိုင်ရာမေးခွန်းများ မေးမြန်းကာ ပြန်လည်ဆွေးနွေးဖြေကြားသူများကို ဘောပင်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌မှုဦးစီးဌာနမှ ဖြန့်ဝေပေးသော သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ် နံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)