မောက်မယ် သြဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်လာစေရန် လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိကျင့်ထုံးများ၊ ပြုမှုကျင့်သုံးလိုက်နာရမည့်ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားစသည့် ကိုယ်နုတ်စိတ်သုံးပါးမှ ပြုမှုနေထိုင်ကျင့်ကြံရမည့် အကြောင်းအရာများ၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေ ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)