ပုဇွန်တောင် ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဧပြီလ၊ မေလနှင့် ဇွန်လအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များက ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ရပ်ကွက်မှ ယာယီနေရပ်စွန့်ခွာပြည်သူနှင့်ဝန်ထမ်း စုစုပေါင်း(၄၇၁)ဦးရှိသည့်အနက် လာရောက်ထုတ်ယူသူ (၃၇၉)ဦးအား ဧပြီလ၊ မေလနှင့် ဇွန်လများအတွက် တစ်ဦးလျှင် ငွေကျပ် ခြောက်သောင်းနှုန်းဖြင့် လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ခရီးလွန်နေ၍ တက်ရောက်မယူနိုင်သူ (၉၂)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်