မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမရပူရမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲတက်ရောက်

ချမ်းအေးသာစံ ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေ နှင့် အဓိကသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးတွေ့ဆုံပွဲ၊ လက်ဆွဲမျိုးစေ့ချကိရိယာများပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြသပွဲ အခမ်းအနားကို သြဂုတ် ၇ရက်နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြော ကြားရာတွင် သီးနှံဖြစ်ထွန်းမှုပိုမိုအားကောင်းပြီး အထွက်နှုန်းပြည့်မီရေးတွင် များစွာအထောက်အကူပေးသည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) အလက်(၁၀၀)ကို  လိုအပ်သည့် တောင်သူများထံသို့လည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ဧကများ အထွက်နှုန်းတိုးတက်စေရေး နှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး မျိုး၊ မြေ၊ ရေ၊ နည်းများကို စနစ် တကျအသုံးပြုပြီး တောင်သူများလိုက်ပါဆောင်ရွက်မှုအားကောင်းစွာဖြင့် အားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ်ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ ပိုက်ဆံလျှော်(သစ်စိမ်း)မြေဩဇာမျိုးစေ့အိတ်များနှင့် ယူရီးယားဓာတ်မြေဩဇာအိတ်များကို တောင်သူများထံသို့ပေးအပ်ခဲ့ပြီး မျိုးစေ့ချကိရိယာ  (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြသခြင်းကို ကြည့်ရှု အားပေးခဲ့သည်။   ချမ်းမြေ့မောင်(ချမ်း/စံ)