မောက်မယ် သြဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လယ် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ လွိုင်လင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုအလိုက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅%ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရှိသည့်တောင်သူများကိုသာ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးသော ကျေးရွာအသီးသီးမှ တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၅ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မောက်မယ်မြို့နယ် အတွင်းရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅)အုပ်စုမှ စိုက်ပျိုးဧက(၆၈၄)ဧကခန့်၊ တောင်သူ(၁၀၀) ကျော်အား စပါးတစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်း၊ ပြောင်းတစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေစုစုပေါင်းကျပ်သိန်း (၁၀၀၀) ကျော်ခန့်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဝန်ထမ်းများက တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)