ပန်းတောင်း သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထကကျောင်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုဌေးနှင့်ဝန်ထမ်းများက ဆက်သွယ်လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုဌေးမှ တိုးတက်လာသောနည်းပညာခေတ်တွင် sim sms မှတဆင့်သော်လည်းကောင်း၊ ph ခေါ်ဆို၍သော်လည်းကောင်း၊ အတုအပဝက်ဘ်ဆိုဒ်များ ဖန်တီး၍ စကားဝှက်များခိုးယူခြင်း၊ ဘဏ်အကောင့်နံပါတ်များ ခိုးယူခြင်း၊ လိမ်လည်မှုအမျိုးမျိုးကျူးလွန်ခံရခြင်းမှ ကင်းဝေစေရန် လန်ချမ်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသောဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုဖိုင်ကလစ်(၂)ခုအား ဖွင့်လှစ်ပြသပြီး ယနေ့ခေတ်တွင် ဆက်သွယ်ရေးမှတစ်ဆင့် လိမ်လည်ခြင်းများ ဆောင်ရွက်နေသည်များကို သာဓကများ၊ ဥပဒေဆိုင်ရာအချက်အလက်များနှင့်တကွ အကျယ်တဝင့်အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုဌေးမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အ.ထ.က (ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)